UDHR

UDHR

Nov 13, 2015

ဒေါက်တာ စိုင်းခမ်းလိတ်

တေးပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ်သည် ကိုယ်ပိုင်သံစဉ် တေးပေါင်းများစွာကို ဖန်တီးရေးသားခဲ့သူ၊ အဆိုတော် စိုင်းထီးဆိုင်၊ ဘိုဖြူ တို့ကို ကျော်ကြားစေခဲ့သူ ဖြစ်သည်။ ဒေါက်တာ စိုင်းခမ်းလိတ်သည် ရိုးသားကြိုးစားပြီး အနစ်နာခံသည့် နေရာမှာ စံပြဖြစ်သည်။ သူ့၏ ထူးခြားမှုတစ်ခုက အရမ်းကိုစာဖတ်သော လူတစ်ယောက်ဖြစ်သည်။ စာကြီးပေကြီးများကို ဖတ်သည်။ အင်္ဂလိပ်စာတွေဖတ်သည်။ အဆင်မြင့် အတွေးအခေါ်သမား တစ်ယောက်ဖြစ်သည်။

ဒေါက်တာစိုင်းခမ်းလိတ်ကို ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့၊ ဟိုတဲန့်ရပ်ကွက်၌ (၁၉၄၉)ဧပြီလ(၂၇)ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မိဘများမှာ ရှမ်းစာဆိုတော် ဦးရွှေကြီး၊ ကုန်သည် ဒေါ်စိန်ဥ တို့ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးရွှေကြီးမှာလည်း ရှမ်းစာဆိုတော်ကြီး (ကလောင်နာမည်- ခမ်းကာ (တုံဟုံး)ဖြစ်သည်။) တစ်ဦးဖြစ်သည့် အပြင် သိန္နီစော်ဘွားကြီး၏ အမတ်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သားသမီး ၄ ယောက်အနက် ဒုတိယ သားကြီး ဖြစ်သည်။

နမ္မတူ ပန်ဟိုက်ရပ်မူလတန်းကျောင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါသည်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁ဝတန်းအောင်ခဲ့ပါသည်။

(၁၉၆၅) မှာ ရှမ်းဘာသာနဲ့ တောင်ကြားတွင်းမှ တောနှင့်တောင် သီချင်းကို ကော်ပီသံစဉ်နဲ့ စပြီးရေးခဲ့သည်။

(၁၉၅၆) တွင် ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်း ရှမ်းသီချင်းဖြစ် သည့် အိပ်မက်ထဲမှ ချစ်ရသူ ကို ရေးသားခဲ့သည်။

(၁၉၆၆) တွင် အထက်တန်းအောင်ပြီး မန္တလေး ဆေး တက္ကသိုလ်သို့ တက်ခဲ့သည်။ ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၁၉၆၈) မှာ ရှမ်းသီချင်းများစွာ ရေးခဲ့သည်။

(၁၉၇၁) မှာ ဒေါက်တာ နွဲ့နွဲ့တင်နှင့် လက်ထပ်ပြီး သားသမီး ၄ ယောက်ထွန်း ကားခဲ့သည်။ ထိုနှစ်တွင် လားရှိုး၌ ဖခင် သေဆုံးသည်။

(၁၉၇၂)တွင် The Wild Ones တေးဂီတဝိုင်းကို ထူထောင်ခဲ့ပြီး (၁၉၇၃)တွင် ဒေါက်တာနွဲ့နွဲ့တင်နှင့် လက်ထပ်ခဲ့သည်။

(၁၉၇၃) မှာ မြန်မာကိုယ်ပိုင်သံစဉ် သီချင်းတွေကို စပြီးရေးခဲ့သည်။

(၁၉၇၆) တွင် ဆေးပညာဆရာဝန်ဘွဲ့ M.B.B.S ကိုရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အလုပ် သင်ဆရာဝန်၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စိုင်းခမ်းလိတ် နှင့် အမှတ်တရ လက်မှတ်

ထို့နောက် ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် မဟာသိပ္ပံ (ခန္ဓာဗေဒ) ဘာသာရပ်ကိုဆက်လက်ဆည်းပူးခဲ့ပြီး(၁၉၈၉)တွင် မဟာ သိပ္ပံဘွဲ့ရခဲ့သည်။

(၁၉၉ဝ) တွင် မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနတွင် လက်ထောက်ကထိကတာဝန် ထမ်းဆောင်ခဲ့သည်။

(၁၉၉၅) တွင် ဆေးပင်စင် အငြိမ်းစားယူခဲ့သည်။

မြန်မာနိုင်ငံ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ရှမ်းသီချင်းကဗျာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့ပါသည်။

ယခုအခါ ဆရာသည် ဇနီးဒေါက်တာနွဲ့နွဲ့တင်၊ သမီးကြီး နန်းခမ်းနွဲ့လိတ်၊ ဒုတိယသမီး ဒေါက်တာ နန်းခမ်းအုလိတ်၊ တတိယသမီး နန်းခမ်းဟန်လိတ်၊ သမက် ဦးကိုကိုမောင်နှင့် မြေးနှစ်ဦး၊ သားထွေး စိုင်းခမ်းစိုးလိတ်( အလုပ်သင် ဆရာဝန်မန္တလေးပြည်သူ့ဆေးရုံကြီး) တို့နှင့်အတူ (၆၉)လမ်း(၄၁-၄၂) လမ်း ကြား၊ မဟာမြိုင်ရပ်ကွက်၊ မန္တလေးရှိ မိုင်ဆုံဂေဟာတွင် ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။

စိုင်းခမ်းလိတ်သည် စွယ်စုံရ အနုပညာရှင်တစ်ဦး ဖြစ်ပြီး ဆရာရေးစပ်သီကုံးခဲ့သမျှ များမှာ မြန်မာသီချင်း အပုဒ် (၆ဝဝ)ခန့် ရှမ်းသီချင်း အပုဒ် (၆ဝဝ)ခန့်၊ အင်္ဂလိပ်သီချင်း (၃၅)ပုဒ်ခန့် ၊ ကိုယ်တိုင်ရေးကဗျာ အပုဒ် (၁ဝဝ)ခန့် ၊ ဘာသာပြန်ကဗျာ အပုဒ် (၃ဝဝ)ခန့် ၊ (၇)လုံးစပ်ကဗျာ၁ပုဒ်၊ ကိုယ်တိုင်ရေး ဝတ္တု(၁)ပုဒ်၊ ဘာသာပြန် ဝတ္ထု(၁)ပုဒ်၊ ဘာသာပြန် အဆိုအမိန့် များ (၂ဝဝ) ပုဒ်၊ ဇာတ်ညွှန်း (၅)ပုဒ်တို့ ဖြစ်သည်။

No comments:

Post a Comment